International News

စင်ကာပူ၏ စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးမှာ ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုအပေါ်မူတည်ကြောင်း စင်ကာပူဝန်ကြီးချုပ်ပြောကြား

Last Updated:

၂၀၂၀ ခုနှစ်တွင် စင်ကာပူ၏ စီးပွားရေးသည် ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုများ အထူးသဖြင့် အမေရိကန်မှ အစပြုလာနိုင်သည့် အကြောင်းအရာများ မပေါ်ပေါက်လာပါက ဖွံ့ဖြိုးတိုးတက်မှုရရှိနိုင် သည်ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည် World Economic Forum နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်စဉ် Bloomberg သတင်းမီဒီယာ က မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

စင်ကာပူသည် ၂၀၁၉ ခုနှစ်တွင် စီးပွားရေးကျဆင်းမှုအန္တရာယ်မှ ကျော်လွှားနိုင်ခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ်အတွက် စီးပွားရေး တိုးတက်မှုနှုန်းမှာ ၀.၅ ရာခိုင်နှုန်းမှ ၂.၅ ရာခိုင်နှုန်းအတွင်း ရရှိနိုင်သည်ဟု ခန့်မှန်းထားသော်လည်း မည်သို့သောရလဒ် ပေါ်ပေါက် လာမည်ကိုမူ တိတိကျကျ မပြောနိုင်သေးကြောင်း ၊ အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများ ပြန်လည်စတင်လာခြင်း သို့မဟုတ် အရှေ့အလယ်ပိုင်းဒေသများ၏ ပထဝီနိုင်ငံရေးအခြေအနေများကြောင့် ခန့်မှန်းချက်များ လွှဲချော်နိုင်ကြောင်း၊ အီလက်ထရောနစ်ကုန်ထုတ်လုပ်မှု ကွင်းဆက်သည် ပြန်လည်တိုးတက်မှုဖြစ်ပေါ်လာသောကြောင့် စင်ကာပူ ၏ အဓိကကုန်ထုတ်လုပ်မှုလုပ်ငန်းဖြစ်သော အီလက်ထရောနစ်လုပ်ငန်းကဏ္ဍသည် အခြေအနေကောင်းမွန်လာပါကြောင်း၊ သို့သော် ကမ္ဘာ့စီးပွားရေး အခြေအနေနှင့် အထူးသဖြင့် အမေရိကန်နိုင်ငံအပေါ် များစွာမူတည်နိုင်ကြောင်း ၊ အမေရိကန်သမ္မတက အမေရိကန်၏ စီးပွားရေးသည် အများက မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်ခဲ့သည်ဟု ပြောကြားခဲ့ခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့မှုအပေါ် ၎င်းတိုးတက်မှုသည် မညီမျှမှုများ ပိုမိုဖြစ်ပေါ်စေခဲ့သလားဆိုသည့် အချက်အပေါ် ရှင်းရှင်းလင်းလင်း မသိရှိ နိုင်ကြောင်းနှင့် တစ်နှစ် သိုမဟုတ် နှစ်နှစ်အတွင်း စီးပွားရေး လုပ်ငန်းများ၏ လမ်းကြောင်းပြောင်းလဲ၍ ဆောင်ရွက်နိုင် ကြောင်း၊ စီးပွားရေးလုပ်ငန်းများသည် “တရုတ်နိုင်ငံအပြင် အပေါင်းတစ်” နည်းဗျူဟာဖြင့် ၎င်းတို့၏ လုပ်ငန်းများကို တရုတ်တွင် ဆက်လက်ထားရှိ၍လည်းကောင်း အခြား အာဆီယံ ၊ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် သို့မဟုတ် အရှေ့အာဖရိကနိုင်ငံများသို့ တိုးချဲ့၍ လည်းကောင်း ဆောင်ရွက်လာနိုင်ကြောင်း၊ တရုတ်တွင် တည်ထောင်ထားရှိသော စက်မှုလုပ်ငန်းများသည် စင်ကာပူတွင် တည်ထောင်ထားပြီးဖြစ်သည့်အတွက် စင်ကာပူသည် ယင်းထုတ်လုပ်မှုကွင်းဆက်ပြောင်းရွှေ့မှုမှ သိသာထင်ရှားသော အကျိုး ကျေးဇူးရရှိနိုင်မည် မဟုတ်ကြောင်း၊ သို့သော် ဒေသတွင်းရှိ တရုတ်၏ ပိုးလမ်းမစီမံကိန်းများတွင် တိုးချဲ့ရင်းနှီးမြှုပ်နှံမှု ပြုလုပ် လာခြင်းကြောင့် အဆိုပါ စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ကျွမ်းကျင်မှုပိုင်းနှင့် ငွေကြေး ထောက်ပံ့မှုဝန်ဆောင်မှုများ ပြုလုပ်ပေးနိုင်ခြင်း၊ ၎င်းတို့၏ ဒေသတွင်း ရုံးချုပ်များ တည်ထောင်လာမှုအပေါ် လက်ခံဆောင်ရွက် ပေးနိုင်ခြင်းစသည်တို့ဖြင့် စင်ကာပူသည် ထူးခြားသောအခန်းကဏ္ဍတစ်ခုတွင် ပါဝင်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

 

သတင်းအရင်းအမြစ်။           ။ The Straits Times

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

Category: International News